အဆီဓာတ်လျော့ကျစေမဲ့ ဒန့်သလွန်

 

အဆီဓာတ်လျော့ကျစေမဲ့ ဒန့်သလွန်

ဒန့်သလွန်ပင် ကို အင်္ဂလိပ်လို Drum-stick tree လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Moringa oleifera Lamk.ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝအလျောက်သော်လည်းကောင်း၊စိုက်ပျိုးပင်အနေဖြင့်သော်လည်းကောင်းတွေ့ရနိုင်ပါတယ်။

ရွက်ကြွေပင်လတ်မျိုးအစားဖြစ်ပါတယ်။ပင်စည်ကြွပ်ဆတ်ပြီး အခေါက်ပွပါတယ်။သုံးဆင့်ရွက်ပေါင်းဖြစ်ပြီး ရွက်လွဲတည်ရှိပါတယ်။သေးငယ်သော ဘဲဥပုံရွက်မွှာများရှိပြီး ထိပ်ဝိုင်းပါတယ်။ရွက်ကြားထွက်ပန်းခိုင်မျိုးဖြစ်ပါတယ်။အဖြူရောင်အပွင့်များပွင့်ကာ အသီးသီးပါတယ်။

ဒန့်သလွန်သီးရဲ့ပုံစံက ရှည်မျောမျောဖြစ်ပြီး အလယ်ခွံအက်ကွဲသီးဖြစ်ပါတယ်။အသီးတတောင့်မှာအစေ့များစွာပါရှိပါတယ်။ထိုအစေ့များကိုလည်းစားလို့ရပါတယ်။

ဒန့်သလွန်ပင်မှာ Sugar,rhamnose,glucosinolates,isothiocyanates,b-carotene,provitamin A alkaloids-moringine,moringinine စတဲ့ဓါတ်တွေများစွာပါဝင်ပါတယ်။

ဒီလိုဓါတ်တွေများစွာပါဝင်တဲ့အတွက် ဒန့်သလွန်ပင်ဟာ သွေးပေါင်ကျစေတဲ့အစွမ်းသတ္တိ၊အစာအိမ်အနာကိုသက်သာစေတဲ့အစွမ်းသတ္တိ၊အရေပြားရောဂါကိုဖြစ်စေသော ဘက်တီးရီးယားပိုးများကို တိုက်ဖျက်နိုင်တဲ့အစွမ်းသတ္တိ၊သွေးသွင်းအဆီဓါတ်ကိုလျော့ကျစေတဲ့အစွမ်းသတ္တိ၊အသည်းကိုကာကွယ်နိုင်တဲ့အစွမ်းသတ္တိတွေရှိပါတယ်။

ဒါ့အပြင်

ဒန့်သလွန်ပင်ဟာ အမြစ်၊အခေါက်၊အရွက်၊အသီး၊အပွင့် ပဉ္စငါးပါးလုံးအသုံးဝင်သောအပင်ဖြစ်ပါတယ်။

ဒန့်သလွန်သီးအနုကို သီးစုံချဉ်ရည်ဟင်းအနေနဲ့ချက်စားကြသလို ဟင်းခါးအနေနဲ့လည်းလုပ်သောက်ကြပါတယ်။

ဒန့်သလွန်သီးဟာ နှုတ်ကိုမြိန်စေပြီး၊ဝမ်းမီးကိုကောင်းစေနိုင်ပါတယ်။အစာအိမ်မကောင်းတဲ့သူတွေ၊ခံတွင်းပျက်နေသူတွေအတွက်အထူးသင့်တော်ပါတယ်။သွေးအားလေအားကိုလည်းကောင်းစေပြီး သုက်ကိုပွားစေနိုင်ပါတယ်။

ဒန့်သလွန်ရွက်မှာပိုတက်ဆီယမ်၊သံဓါတ်၊ပရိုတင်းနဲ့ဗီတာမင်စီဓါတ်တွေပါရှိပါတယ်။

ဒန့်သလွန်ရွက်ကိုကြော်စားလို့လည်းရသလို၊ဟင်းရည်ချက်စားလို့လည်းရပါတယ်။ဒါ့အပြင်အခြောက်လှမ်းပြီး ဟင်းထဲအမှုန့်အနေနဲ့လည်းထည့်ချက်တာလည်းရှိပါတယ်။

ဒန့်သလွန်ရွက်ဟာ ဝမ်းမီးကောင်းစေပြီး အစာကိုကျေညှက်လွယ်စေပါတယ်။သွေးတိုးကိုကျစေနိုင်ပါတယ်။မျက်စိနာ၊ကျို့ထိုး စတဲ့ရောဂါတွေကိုလည်းသက်သာစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာဆိုရင် နို့ရည်ကိုရွှင်စေနိုင်ပါတယ်။

ဒန့်သလွန်ပွင့်ကိုလည်းချက်ပြုတ်စားနိုင်ပါတယ်။ဒန့်သလွန်ပွင့်ကိုစားခြင်းဖြင့် ဖောရောင်တာတွေကိုသက်သာစေနိုင်ပါတယ်။ပန်းသေပန်းညိုးနဲ့ သုက်အားနည်းတာတွေကိုလည်းသက်သာစေနိုင်ပါတယ်။

ဒန့်သလွန်အမြစ်၊အခေါက် ကိုတော့ ရေစင်အောင်ဆေးပြီး အရေပြားရောင်ရမ်းတာနာတွေ၊မြင်းဖုနာ၊အခြောက်အစို၊အဖုအကျိတ်စတာတွေမှာ သွေးလိမ်းနိုင်ပါတယ်။

တိုင်းရင်းဆေးသုံးအနေနဲ့ကတော့ ဒန့်သလွန်ပင်ရဲ့ပဉ္စငါးပါးကို သွေးတိုးရောဂါ၊မီးယပ်နဲ့ဆိုင်တဲ့ရောဂါတွေ၊သုက်ခန်းရောဂါ တွေအတွက်ဆေးဖော်ရာ မှတ်ဉာဏ်အားကောင်းဖို့အတွက်ဆေးဖော်ရာမှာ ထည့်သုံးလေ့ရှိပါတယ်။

Dr သီတာနွယ်(အမရပူရ)

 

ဆက်စပ် ဆောင်းပါးများ