စားတိုင်းကောင်းသလား…… နဂါးမောက်သီး

စားတိုင်းကောင်းသလား…… နဂါးမောက်သီး

နဂါးမောက်သီးဟာ အခုနောက်ပိုင်းမှာ ဆေးဖက်ဝင်တယ်ဆိုပြီး အတော်လေးလူစားများလာတဲ့အသီးအနှံတမျိုးဖြစ်ပါတယ်။

နဂါးမောက်သီးကို အင်္ဂလိပ်လို Dragon Fruit လို့ခေါ်ပါတယ်။တချို့နိုင်ငံတွေကတော့ Pitaya သို့မဟုတ် Pitahaya လို့ခေါ်ကြပါတယ်။

ရုက္ခဗေဒနာမည်ကတော့ Hylocereus spp ဖြစ်ပါတယ်။

နဂါးမောက်သီးရဲ့မူလဒေသကတော့ မက္ကဆီကိုနိုင်ငံ ဖြစ်ပါတယ်။

နဂါးမောက်သီးမှာ

အတွင်းသားအနီရောင်ရှိပြီး အပြင်အခွံအနီရောင်ရှိတဲ့အမျိုးအစား

အတွင်းသားအဖြူရောင်ရှိပြီး အပြင်အခွံအနီရောင်ရှိတဲ့အမျိုးအစား

အတွင်းသားအဖြူရောင်ရှိပြီး အပြင်အခွံအဝါဖျော့ရောင်ရှိတဲ့အမျိုးအစား ဆိုပြီး၃မျိုးရှိပါတယ်။

နဂါးမောက်သီးကို ခွဲလိုက်ပါက အသားထဲမှာမြုပ်နေတဲ့ နှမ်းစေ့လိုအစေ့မည်းလေးတွေကိုတွေ့ရပြီး ထိုအစေ့လေးတွေကိုလည်း ဒီအတိုင်းစားလို့ရပါတယ်။

ထိုအစေ့လေးတွေထဲမှာ လူတွေရဲ့ကျန်းမာရေးကို လွန်စွာအထောက်အကူပြုတဲ့ မပြည့်ဝဆီ(unsaturated fatty acids)တွေကြွယ်ဝစွာပါဝင်ပါတယ်။

နဂါးမောက်သီးတွင် ရေဓါတ်၊ကာဘိုဟိုက်ဒရိတ်ဓါတ်၊ပရိုတင်းဓါတ်၊အမျှင်ဓါတ်၊ဗီတာမင်ဘီ၊စီ၊သံဓါတ်၊မီးစုန်းဓါတ်၊ကယ်လ်ဆီယမ်ဓါတ၊်အစေ့တွေထဲကအဆီဓါတ် စတဲ့ဓါတ်တွေပါဝင်ပါတယ်။

ဒီလိုအကျိုးပြုဓါတ်တွေများစွာပါဝင်တဲ့အတွက် နဂါးမောက်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်းအများကြီးရှိပါတယ။်

နဂါးမောက်သီးမှာရေဓါတ်နဲ့အမျှင်ဓါတ်များစွာပါဝင်တာကြောင့် ရေငတ်ပြေစေပြီး၊ဝမ်းမှန်စေကာ ဝမ်းချုပ်ခြင်းကင်းဝေးစေပြီး အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့ကျစေပါတယ။်

နဂါးမောက်သီးအစေ့လေးတွေထဲမှာပါတဲ့ မပြည့်ဝအဆီဓါတ်ဟာ မကောင်းသောအဆီဓါတ်ကိုလက်စထရောကို လျှော့ချရန်ကူညီပေးတဲ့အတွက် ကိုယ်အလေးချိန်တိုးခြင်း အဝလွန်ခြင်းတွေဖြစ်ပွားနိုင်ခြေကို နည်းစေပြီး နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

ဗီတာမင်စီကြွယ်ဝစွာပါခြင်းကြောင့် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ဖျားခြင်း အအေးမိနှာစေးချောင်းဆိုး ဖြစ်ခြင်းတွေကို လျော့နည်းစေနိုင်ပါတယ်။

မီးစုန်းဓါတ်နဲ့ကယ်လ်ဆီယံဓါတ်ကြွယ်ဝစွာပါခြင်းကြောင့် သွားနဲ့အရိုးတွေကိုခိုင်မာစေပါတယ်။

သံဓါတ်ကြွယ်ဝစွာပါတာကြောင့် ဦးနှောက်မှတ်ဉာဏ်ကိုအားဖြည့်ပေးနိုင်ပါတယ်။

ဒါ့အပြင် ဆေးဖက်ဝင်ဓါတ်ပစ္စည်းတွေဖြစ်တဲ့ Glycoside နဲ့ Phenolic compounds တွေလည်းများစွာပါဝင်တဲ့အတွက် ဓါတ်တိုးဆန့်ကျင်တဲ့အစွမ်းသတ္တိ(Antioxidant action)၊အရောင်ကျစေတဲ့အစွမ်းသတ္တိ(Anti-inflammatory action)၊သွေးတွင်းအဆီဓါတ်ကိုလျော့ကျစေတဲ့အစွမ်းသတ္တိ(Anti-hyperlipidaemic action)တွေလည်းရှိပါတယ်။

ဒီလိုအစွမ်းသတ္တိတွေရှိတဲ့အတွက် နဂါးမောက်သီးဟာ ခန္ဓာကိုယ်ထဲရှိအဆိပ်အတောက်(Free redicals)များကိုပျက်ပြယ်စေပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်း၊ကင်ဆာဖြစ်ပွားနိုင်ခြင်းတွေကိုလျော့နည်းစေပါတယ်။

ဒဏ်ရာများ၊ရောင်ရမ်းခြင်းများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

နဂါးမောက်သီးဟာ ကိုယ်ဝန်ဆောင်တွေနဲ့လည်းအထူးသင့်တော်ပြီး နေ့စဉ်စားသင့်ပါတယ်။

နဂါးမောက်သီးကို အချိုပွဲအနေနဲ့လည်းစားနိုင်သလို ဖျော်ရည်လုပ်သောက်လို့လည်းရပါတယ်။နွားနို့နဲ့လည်းတွဲဖက်စားသုံးနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ နဂါးမောက်သီးအတွင်းသားအနီမျိုးကိုစားပြီးရင် ဆီးသွားတဲ့အခါ အနီရောင် ပန်းရောင်ဆီးတွေသွားတတ်ပါတယ်။အဲ့အခါမှာကြောက်လန့်တကြားဖြစ်ပြီး နဂါးမောက်သီးအတွင်းသားအနီမျိုးကို မစားဘဲနေကြတာမျိုးရှိပါတယ်။

အမှန်တကယ်တော့ အဲ့လိုဖြစ်တာဟာ စိုးရိမ်စရာမရှိပါ။

နဂါးမောက်သီးအတွင်းသားအနီမျိုးမှာပါတဲ့ ရေမှာပျော်ဝင်သောရောင်ခြယ်ဆေးကြောင့်ဖြစ်တာပါ။အန္တရာယ်မရှိတဲ့အတွက် နဂါးမောက်သီးအတွင်းသားအနီမျိုးကိုဆက်စားချင်ရင် စားလို့ရပါတယ်။

Dr သီတာနွယ်(အမရပူရ)

ဆက်စပ် ဆောင်းပါးများ