ဆီးချိုသမားတွေပါ     သောက်သုံးနိုင်တဲ့အုန်းစိမ်းရည်

ဆီးချိုသမားတွေပါ     သောက်သုံးနိုင်တဲ့အုန်းစိမ်းရည်

အုန်းစိမ်းရည်ဆိုတာဟာ အုန်းသီးအသားတည်ခါစ(အုန်းသီးဇွန်းခြစ်) သို့မဟုတ် အုန်းသီးအသားသိပ်မရင့်သော အုန်းသီးထဲတွင် ရှိသောအရည်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

အုန်းသီးအသားအရမ်းရင့်သောအသီး သို့မဟုတ် အုန်းသီးခြောက်ထဲတွင်ရှိသော အုန်းရည်သည် အုန်းစိမ်းရည်မဟုတ်ပါ။

အုန်းစိမ်းရည် မဟုတ်တဲ့ အုန်းရည်ဟာ သောက်တာများရင် အပူကန်တာ၊ယားနာထတာဖြစ်နိုင်ပေမယ့် အုန်းစိမ်းရည်ကတော့ အဲ့လိုမဖြစ်စေတတ်ပါ။

အုန်းစိမ်းရည်မှာ ပါတဲ့ ကယ်လိုရီပမာဏာဟာအလွန်နည်းပြီး အဆီနဲ့ကိုလက်စထရောဓါတ်လည်း လုံးဝမပါဝင်ပါ။

အုန်းစိမ်းရည်မှာ ဂလူးကို့စ်သကြားဓါတ်၊ရေဓါတ်၊အမျှင်ဓါတ် နဲ့ ပိုတက်ဆီယမ် ဓါတ်၊ဆိုဒီယမ်ဓါတ်၊မဂ္ဂနီဆီယမ်ဓါတ်စတဲ့ သတ္ထု ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

အုန်းစိမ်းရည်တလုံးမှာပါတဲ့ ပိုတက်ဆီယမ်ဓါတ်ဟာ ငှက်ပျောသီးလေးလုံးစာမှာပါတဲ့ ပိုတက်ဆီယမ်ဓါတ်ပမာဏ နဲ့ညီမျှပါတယ်။

အုန်းစိမ်းရည်ဟာ ဒီလိုအကျိုးပြုဓါတ်တွေကြွယ်ဝများပြားစွာပါဝင်တာကြောင့် အုန်းစိမ်းရည်သောက်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကလည်းအများကြီးပါ။

အုန်းစိမ်းရည်သောက်ခြင်းဖြင့် အပူငြိမ်းပြီး ရင်အေးစေကာ စိတ်ဖိစီးမှုကိုလည်းလျော့နည်းစေပါတယ်။

အုန်းစိမ်းရည် မှာ ကြွယ်ဝစွာပါဝင်သော အမျှင်ဓါတ်က အစာချေစနစ်ကို ကောင်းမွန်စေပြီး အစာမကြေဖြစ်တာ၊ဝမ်းချုပ်တာတွေဖြစ်ခြင်းမှကာကွယ်ပေးကာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

ကြွယ်ဝများပြားစွာပါဝင်တဲ့ ပိုတက်ဆီယမ်ဓါတ်ကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးကာ သွေးပေါင်တက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

အုန်းစိမ်းရည်သောက်ခြင်းဖြင့် သွေးလည်ပတ်မှုကိုကောင်းစေပြီး ဆီးရွှင်စေတဲ့အတွက် ကျောက်ကပ်အတွင်းကျောက်တည်တာ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

အုန်းစိမ်းရည်ဟာ ကယ်လိုရီပါဝင်မှုနည်းပြီး အဆာလည်းခံနိုင်တာကြောင့် ကိုယ်အလေးချိန်ချဖို့အတွက် အလွန်အသုံးကျပါတယ်။

ကြွက်သားတွေရဲ့လုပ်ဆောင်ချက်တွေကိုလည်းကောင်းစေပြီး ချွေးထွက်များခြင်း၊ဝမ်းလျှောခြင်း၊အန်ခြင်း ကြောင့် ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓါတ်ကို အချိန်တိုအတွင်းပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် အားကစားသမားတွေ၊ချွေးထွက်များသူတွေ၊ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။

အုန်းစိမ်းရည်မှာဂလူးကို့စ်အချိုဓါတ်ပါပေမယ့် အခုနောက်ပိုင်းလေ့လာမှုသုတေသနတွေအရ အုန်းစိမ်းရည်ဟာ သွေးတွင်းသကြားဓါတ်ပမာဏအတက်အကျကို ထိန်းညှိပေးနိုင်တဲ့အာနိသင်ရှိတာကြောင့် ဆီးချိုသမားတွေလည်း သောက်သုံးနိုင်ကြောင်းသိရပါတယ်။

ကိုယ်ဝန်ဆောင်တွေအတွက်လည်းအုန်းစိမ်းရည်ဟာအထူးသင့်တော်ပါတယ်။ကိုယ်ဝန်ဆောင်စဉ်ဆီးချိုတက်နိုင်ခြေကိုလည်း လျော့နည်းစေကာ မိခင်ရောသန္ဓေသားကိုပါ ကျန်းမာစေနိုင်ပါတယ်။

Dr သီတာနွယ်

 

ဆက်စပ် ဆောင်းပါးများ